21/08/2023
နေပြည်တော်မှာ ဘုရားဖူးကုသိုလ်ယူတဲ့အခါ တစ်ရက်ထဲနဲ့တော့ အဆင်မပြေဘူး
ဒီတော့ ဒီနေ့ ကျွန်တော်တို့ နေပြည်တော် တောင်ဘက်ပိုင်းကို ဘုရားဖူး ထွက်ကြည့်ရအောင်
(၁) ကျွန်တော်တို့ ယခုပထမဆုံး ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းတုတော်ကြီးဖြစ်တဲ့ မာရဝိဇယ ဆင်းတုတော်မြတ်ကြီးကို အရင်ဆုံး ဝင်ဖူးကြမယ်။ နံနက် (၆) နာရီလောက်က အသင့်တော်ဆုံးအချိန်ပေါ့
(၂) ဘုရားကြီးဖူးမြော်ပြီးရင် ဘုရားရှေ့က မြို့ပတ်လမ်းအတိုင်း တောင်ကို တည့်တည့်မောင်းသွားရင် ရန်အောင်ချမ်းသာဘုရားကြီးကိုရောက်မယ်။
(၃) ရန်အောင်ချမ်းသာ ဘုရားကြီးဖူးပြီး ဆက်မောင်းသွားမယ်ဆိုရင် ရှေ့မှာ အေလာ လမ်းဆုံလို့ ခေါ်တဲ့ လမ်းဆုံရောက်ရင် ယာဘက် ကတ္တရာလမ်းအတိုင်း လိုက်သွားပါ။ သာဝတ္ထိအကျော်လေးမှာ နဂါးတစ်ထောင်/ စမတောင်သွားတဲ့ လမ်းရှိပါတယ်။ နဲနဲလောက်အထဲဝင်လိုက်တာနဲ့ နဂါးတစ်ထောင်ဘုရားများ ဖူးမြော်လို့ ရပါပြီ၊
(၄) နဂါးတစ်ထောင်ရဲ့ အနောက်ဘက်နားလေးမှာ သမိုင်းဝင် စမတောင်တော်ရှိပါတယ်။ စမတောင်တော်မှာ လာသမျှဘုရားဖူးတိုင်း သတ်သတ်လွတ် ထမင်း ဟင်း သုံးဆောင်လို့ရပါတယ်။ အာ့လိုမှ မဟုတ်ဘူးဆိုရင်လည်း ပြန်အထွက် သာဝတ္ထိ ရေကျော် ထမင်းဆိုင်တွေမှာ ကြက်သားကာလသားချက် ဝယ်စားလို့ရပါတယ်။
(၅) သာဝတ္ထိက ပြန်ထွက်လာပြီး အလာတုန်းက အေလာလမ်းဆုံရောက်ရင် ညာဘက်ကိုကွေ့ပြီး (လေယာဉ်ကွင်းလမ်း) ဘယ်ဘက်ကို ပြန်မောင်းမယ်ဆိုရင် ရန်အောင်မြင် (ရွှေလက်လှ) စေတီတော် ဝင်ဖူးလို့ရပြီး ငါးစာကျွေးကုသိုလ် ယူလို့ရပါတယ်။
(၆) ရန်အောင်မြင်ဘုရားကနေ လမ်းမကို ပြန်ထွက်ရင် ငြိမ်းချမ်းရေးစေတီကိုရောက်ဖို့က ကိုက် ၅၀၀ လောက်ပဲဆက်မောင်းရပါမယ်။ ငြိမ်းချမ်းရေးစေတီဖူး မြော်ပြီးရင်တော့ Junction Centre ကို ဆက်သွားပြီး ဈေးဝယ်လို့ အချိန်ရလောက်ပါသေးတယ်။
တစ်ရက်စာ ဒီလောက် ကုသိုလ်ယူ လျှောက်လည်ပြီးပြီဆိုရင်တော့ ဘုရားဖူး ပုရိတ်သတ်ကြီးလည်း အတော်ညောင်းပြီး ပင်ပမ်းလှပါပြီ၊ နောက်နေ့မှ ဆက်သွားကြတာပေါ့ သွားစရာတွေက အများကြီးရှိသေးတယ်။