24/02/2026
"ဝါဒဖြန့်ခြင်းမှသည် အနုပညာဆီသို့ - တရုတ်တော်လှန်ရေး တေးသရုပ်ဖော်များ (၁၉၄၀-၁၉၆၀)”
ဒီဝါဒဖြန့်မှုတွေရဲ့ ပထမဆုံး "မျိုးစေ့" ဟာ ၁၉၄၂ ခုနှစ်၊延安 (Yan'an) ဒေသမှာ ကျင်းပတဲ့ 延安文艺座谈会 ဆိုတဲ့ ယန်အန် စာပေနှင့် အနုပညာ နှီးနှောဖလှယ်ပွဲ ကစတင်လာတာ ဖြစ်ပါတယ်။ထိုစဉ်က ကွန်မြူနစ်ပါတီဟာ တောင်တန်းဒေသတွေမှာ အခြေစိုက်နေရပြီး လူထုကို စည်းရုံးဖို့ ခက်ခဲနေချိန်ပါ
မော်စီတုန်းက "အနုပညာဟာ နိုင်ငံရေးအတွက် ဖြစ်ရမယ်၊ အလုပ်သမား၊ လယ်သမား၊ စစ်သားတွေ နားလည်တဲ့ အနုပညာဖြစ်ရမယ်" လို့ လမ်းညွှန်ခဲ့တဲ့ပွဲပါ အဲ့ဒီကနေစပြီး ရှုပ်ထွေးတဲ့ ရှေးဟောင်း အနုပညာတွေအစား ရိုးရှင်းပြီး စိတ်ဓာတ်တက်ကြွစေတဲ့ "တော်လှန်ရေး အနုပညာ" (Revolutionary Art) တွေကို စတင်သန္ဓေတည်ခဲ့တာပဲဖြစ်ပါတယ်။
ရှေးတုန်းကတော့ တရုတ်ရိုးရာ ကျေးလက်ဂီတတစ်ခုဖြစ်တဲ့ 秧歌 (Yāngge) ဆိုတဲ့ လယ်သမားတွေ ကပြလေ့ရှိတဲ့ ဒီအကကို ကွန်မြူနစ်ပါတီက ယူလိုက်ပြီး စာသားတွေကို "မြေရှင်စနစ် တိုက်ဖျက်ရေး"၊ "ဂျပန်တော်လှန်ရေး" ဆိုပြီး ပြောင်းလဲခဲ့တာပါ
ဒီအကတွေကနေတစ်ဆင့် ပထမဆုံးသော ဝါဒဖြန့် အော်ပရာကြီးဖြစ်တဲ့ 《白毛女》(Bái Máo Nǚ) ပေါ်ပေါက်လာပါတယ်။ ဒါဟာ တရုတ်ဝါဒဖြန့် အနုပညာသမိုင်းမှာ အရေးပါဆုံး အစပြုမှုပါနောက်ပိုင်း အော်ပရာကြောင်းပြောပြပါ့မယ်
၁၉၄၉ မှာ ကွန်မြူနစ်အစိုးရ တက်လာပြီးနောက်ပိုင်း အနုပညာပုံစံကို စနစ်တကျတည်ဆောက်လာ ပါတယ် နိုင်ငံတော်သစ် ထူထောင်ပြီးနောက်မှာတော့ ဒီအနုပညာတွေဟာ ရိုးရာကွက်စိပ်အဆင့်ကနေ ဆိုဗီယက် (Soviet Union) ရဲ့ အကူအညီနဲ့ ပိုပြီး ခေတ်မီလာပါတယ်။ ဆိုဗီယက် ဂီတပညာရှင်တွေ၊ ဘဲလေးဆရာတွေ တရုတ်နိုင်ငံကို လာရောက်ပြီး အနောက်တိုင်း သံစုံတီးဝိုင်း (Orchestra) နည်းစနစ် တွေကို သင်ကြားပေးခဲ့ပါတယ်။ ဒီအချိန်မှာ တရုတ်ရိုးရာသံစဉ်တွေကို အနောက်တိုင်း တူရိယာတွေနဲ့ ခန့်ခန့်ညားညား တီးခတ်တဲ့ စတိုင်လ် စတင်ဖြစ်ပေါ်လာပါတယ်။
၁၉၄၀ ကနေ ၁၉၆၀ ပြည့်လွန်နှစ်တွေအတွင်း တရုတ်နိုင်ငံရဲ့ ဝါဒဖြန့်အနုပညာမှာ အနောက်တိုင်း တေးဂီတ (Western Classical Music) ကို တရုတ်ရိုးရာနဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အထူးသဖြင့် မော်စီတုန်း ရဲ့ "အနောက်တိုင်းပညာကို တရုတ်နိုင်ငံအတွက် အသုံးချရန်" (Make foreign things serve China) ဆိုတဲ့ မူဝါဒကြောင့် ဖြစ်ပါတယ်။
ထိုခေတ်က မဟာမိတ်ဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုဆီက "Socialist Realism" (ဆိုရှယ်လစ်လက်တွေ့ဝါဒ) ကို အတုပြီး အလုပ်သမား၊ လယ်သမားတွေဟာ သန်မာရမယ်၊ ပျော်ရွှင်ရမယ်၊ အမြဲတမ်း အောင်ပွဲခံနေရမယ်ဆိုတဲ့ ပုံစံမျိုးဖြင့် အနောက်တိုင်းကလာတဲ့ ဘဲလေးအကကို တရုတ်ရိုးရာကကွက်တွေနဲ့ ပေါင်းစပ်ဖို့ စမ်းသပ်ခဲ့ကြပါတယ်။ ဒါဟာ ၁၉၆၀ ခုနှစ်တွေမှာ ခေတ်စားလာမယ့် "အနီရောင်ဘဲလေး" တွေရဲ့အစပါအနောက်တိုင်း ဘဲလေးကကွက်ကို သေနတ်ကိုင်တဲ့ စစ်သားပုံစံတွေနဲ့ ရောနှော တီထွင်ခဲ့ပြီး သူရဲကောင်းတွေကို အနီရောင် (တောက်ပသော)၊ ရန်သူတွေကို အမည်းရောင် (မှောင်မိုက်သော) အသွေးအယောင်တွေနဲ့ သိသာအောင် ခွဲခြားထားပါတယ်။
ထိုခေတ်က Red Detachment of Women လို့ခေါ်တဲ့ အမျိုးသမီး စစ်ကြောင်းအကြောင်း တော်လှန်ရေး မိသားစုအကြောင်း ပြဇာတ် တွေနှင့် စစ်တပ်နဲ့ ပြည်သူ ဆက်ဆံရေး အကြောင်းဝါဒဖြန့်ချီတဲ့ တရုတ်ဝါဒဖြန့် တေးသရုပ်ဖော်တွေ ပြဇာတ်တွေသာကပြခဲ့တာပါ ဒီပြဇာတ်တွေ တေးသရုပ်ဖော်တွေဟာ "လှပရမယ်၊ တောက်ပြောင်ရမယ်၊ ခန့်ညားရမယ်" ဆိုတဲ့ မူဝါဒ တွေရှိပါတယ် ဒါကြောင့် ကကွက်တွေကိုကြည့်ရင် အလွန်စနစ်ကျပြီး စိတ်ဓာတ်တက်ကြွစေတဲ့ စည်းချက်တွေကို သုံးပါတယ်။
ယဉ်ကျေးမှုတော်လှန်ရေးကာလ မှာ စံပြပြဇာတ် (样板戏) တွေအတွက် ဂီတကို ဖန်တီးတဲ့အခါ အနောက်တိုင်းတူရိယာတွေကို အကြီးအကျယ် အသုံးပြုခဲ့ပါတယ် နောက်ပိုင်း ပီကင်းအော်ပရာ (Peking Opera) တွေကို ရှေးဟောင်းတူရိယာလေးတွေနဲ့ပဲ မတီးတော့ဘဲ၊ အနောက်တိုင်းက Violin, Cello, Trumpet နဲ့ Piano တွေကို သုံးပြီး ပိုမိုခန့်ညားအောင် တီးခတ်ခဲ့တာပါပဲ အကျော်ကြားဆုံးကတော့ 《黄河》(Huánghé) လို့ခေါ်တဲ့ Yellow River Piano Concerto ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာကျော် အနောက်တိုင်း ပီယာနိုတီးခတ်မှု ပညာရပ်ကို တရုတ်တော်လှန်ရေး သီချင်းတွေနဲ့ ပေါင်းစပ်ထားတာပါ။
《红色娘子军》(Red Detachment of Women) မှာဆိုရင် အနောက်တိုင်း ဘဲလေးဂီတ တည်ဆောက်ပုံအတိုင်း ရေးစပ်ထားပေမဲ့ တရုတ်ရိုးရာ တေးသွား (Motif) တွေကို နှောထားတာ တွေ့ရပါတယ် တရုပ်ပြည်ဟာ ၁၉၅၀ ပြည့်လွန် တွေမှာ ဆိုဗီယက်သြဇာကြောင့် အနောက်တိုင်း ဂန္ထဝင်ဂီတ (Beethoven, Tchaikovsky) တွေကို သင်ယူခွင့်ရခဲ့ပေမဲ့ ၁၉၆၀ ပြည့်လွန် အနောက်တိုင်း ဂန္ထဝင်တေးတွေကို "အရင်းရှင်ဝါဒ" လို့ သတ်မှတ်ပြီး ပိတ်ပင်ခဲ့ပေမဲ့၊ တူရိယာနဲ့ နည်းစနစ် ကိုတော့ ဝါဒဖြန့်ဖို့အတွက် ဆက်သုံးခဲ့ပါတယ်
အဲ့ဒီခေတ်က Yin Chengzong (殷承宗) ဆိုတဲ့ ပီယာနိုပညာရှင်ဟာ အလွန်ထင်ရှားပါတယ် ယဉ် ကျေးမှုတော်လှန်းရေးမှာ ပီယာနိုဟာ အရင်းရှင်တူရိယာလို့ အပြောခံရတဲ့အခါ သူက ပီယာနိုကို လမ်းဘေး (တီယန်နန်မင်ရင်ပြင်) အထိ သယ်ထုတ်ပြီး တော်လှန်ရေးသီချင်းတွေ တီးပြကာ "ပီယာနိုဟာလည်း ပြည်သူ့အတွက် ဖြစ်နိုင်တယ်" ဆိုတာ သက်သေပြခဲ့ဖူးပါတယ်
၁၉၆၀-၆၆ ပြည့်လွန်နှစ်များ ဆီမှာတော့ ဝါဒဖြန့်အနုပညာဟာ အထွတ်အထိပ်ကို ရောက်သွားပါပြီ မော်စီတုန်းရဲ့ ဇနီးဖြစ်သူ ကျန်းချင်း (Jiang Qing) (ရုပ်ရှငိမင်းသမီးဟောင်း) က အနုပညာလောကကို အုပ်စိုးခဲ့ပါတယ် သူမက ရှေးဟောင်းပြဇာတ်တွေ (ဘုရင်၊ မိဖုရား၊ သရဲတစ္ဆေဇာတ်လမ်းတွေ) ကို "အဆိပ်အတောက်" လို့ သတ်မှတ်ပြီး ပိတ်ပင်ခဲ့ပါတယ်။ သူမရဲ့ ညွှန်ကြားချက်နဲ့ တော်လှန်ရေး သူရဲကောင်းတွေကိုပဲ အမွှမ်းတင်တဲ့ ပြဇာတ်၊ ဘဲလေးနဲ့ တေးသံစုံ ၈ ခုကိုပဲ တစ်နိုင်ငံလုံး ကပြခွင့်ပြုခဲ့တာပါ။
ဒီပြဇာတ်တွေဟာ ရိုးရာပီကင်းအော်ပရာ (Peking Opera) ရဲ့ စည်းချက်တွေကို ယူထားပေမဲ့ ဝတ်စုံနဲ့ ဇာတ်အိမ်ကတော့ စစ်တပ်နဲ့ အလုပ်သမားပုံစံတွေ ဖြစ်နေတာပါ ဘာကြောင့် ဒီလိုပုံစံကို ရွေးချယ်ခဲ့တာလဲ ဆိုတော့ ထိုခေတ်က လူထုအများစုဟာ စာမတတ်ကြသေးလို့ပါ သီချင်းနဲ့ ကကွက်တွေက မူဝါဒတွေက ကျေးလက်ဒေသကသူတွေကို နားလည်စေဖို့ အလွယ်ဆုံးနည်းလမ်း ဖြစ်နေလို့ပါပဲ။ တိုက်ပွဲဝင်လိုစိတ်နဲ့ မျိုးချစ်စိတ် မြှင့်တင်ဖို့အတွက် စည်းချက်မြန်မြန်၊ အသံကျယ်ကျယ် တေးသီချင်းတွေကို ရွေးသုံးခဲ့တာပါ။
တစ်နိုင်ငံလုံးမှာ ပြဇာတ်တစ်မျိုးတည်း၊ သီချင်းတစ်မျိုးတည်းကိုပဲ ကြည့်ရှုနားဆင်စေခြင်းဖြင့် အတွေးအခေါ်တစ်ခုတည်းအောက်မှာ စုစည်းနိုင်ဖို့ လို့ယူဆမိပါတယ် "The White-Haired Girl" (ဆံပင်ဖြူမလေး)ဆိုတဲ့ ပြဇာတ်ဟာ အစောဆုံးနဲ့ အဓိကကျတဲ့ အချိုးအကွေ့ တစ်ခုလို့ ပြောလို့ ရပါတယ်။
အဲ့ဒီဇာတ်လမ်းက တရုတ်လူထုကို ဘယ်လိုတုန်လှုပ်စေခဲ့လဲဆိုတာ ကတော့ တရုတ်ပြည်သူသန်းပေါင်း
များစွာကို ကွန်မြူနစ်ဝါဒအောက်သို့ ရောက်ရှိလာစေရန် စည်းရုံးနိုင်ခဲ့သည့် အရှိန်အဝါအကြီးဆုံး ပြဇာတ်တခုပါ ၁၉၃၀ ပြည့်လွန်နှစ်များက တရုတ်ကျေးလက်ဒေသကို အခြေခံထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာ ဆင်းရဲသားလယ်သမာ အဘိုးအို ရန်ရှီအန်း (Yang Bailao) တွင် ချောမောလှပသော သမီးလေး ရှီအာအာ (Xi'er) ရှိသည်။ ရက်စက်သော မြေရှင်ကြီး ဟွမ်စစ်ရန် (Huang Shiren) သည် အဘိုးအိုထံမှ အကြွေးတောင်းပြီး အကြွေးမဆပ်နိုင်သည့်အဆုံးတွင် သမီးဖြစ်သူကို အဓမ္မသိမ်းယူကာ အိမ်တွင် အစေခံအဖြစ် နှိပ်စက်ခဲ့သည်။
အလယ်ပိုင်းလာက်မှာတော့ အဘိုးအိုမှာ စိတ်ဆင်းရဲမှုဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီး၊ ရှီအာအာသည် မြေရှင်အိမ်မှ ထွက်ပြေးကာ တောင်ပေါ်ရှိ ဂူတစ်ခုတွင် ပုန်းအောင်းနေခဲ့ရသည်။: တောထဲတွင် အာဟာရမပြည့်ဝမှု၊ နေရောင်မရမှုနှင့် စိတ်ဒဏ်ရာများကြောင့် သူမ၏ ဆံပင်များမှာ အရွယ်နှင့်မမျှအောင် ဖြူဖွေးသွားခဲ့သည်။ ဒေသခံရွာသားများက သူမကို "တောင်ပေါ်က နတ်သမီးဖြူ" ဟု ထင်မှတ်ခဲ့ပါတယ်
နောက်ဆုံးတွင် အဋ္ဌမလမ်းမတပ်မတော် (Eighth Route Army) ဟုခေါ်သော ကွန်မြူနစ်တပ်များ ရောက်ရှိလာပြီး သူမကို ကယ်တင်ကာ မြေရှင်ကို အပြစ်ပေးခဲ့တာကို သရုပ်ဖော်ထားတာပါ သူမကိုလည်း လူ့လောကထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ပြဇာတ်၏ ကျော်ကြားသော ဆောင်ပုဒ်မှာ- "အမှောင်ခေတ် (ပဒေသရာဇ်စနစ်) က လူကို သရဲဖြစ်စေပြီး၊ ခေတ်သစ် (ဆိုရှယ်လစ်စနစ်) က သရဲကို လူပြန်ဖြစ်စေတဲ့" (旧社会把人變成鬼,新社会把鬼變成人) လို့ ခေါ်တဲ့ဝါဒ ရိုက်သွင်းပေးထားတာပါ
ဆံဖြူမလေးကို ၁၉၄၅မှာ ပထမဆုံး အော်ပရာ (Opera) အဖြစ် ကပြခဲ့ပြီး တရုတ်ရိုးရာသံစဉ်များကို အသုံးပြုထားသဖြင့် ကျေးလက်လူထုအကြား အလွန်ပေါက်ရောက်ခဲ့သည်။၁၉၅၀ မှာ တရုတ်ပြည် သစ်တည်ထောင်ပြီးနောက် ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာ တစ်နိုင်ငံလုံးတွင် နာမည်ကြီးခဲ့ပါတယ် ယဉ်ကျေးမှုတော်လှန်ရေး ကာလတွင် ကျန်းချင်း (Jiang Qing) က ဤဇာတ်လမ်းကို "စံပြဘဲလေး" (Model Ballet) အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ထိုချိန်က ပြဇာတ်ကို ကပြစဉ်တွင် ပရိသတ်ထဲရှိ စစ်သားများနှင့် လယ်သမားများမှာ စိတ်ခံစားမှုပြင်းထန်လွန်းသဖြင့် စင်ပေါ်ရှိ မြေရှင်နေရာတွင် သရုပ်ဆောင်သူကို တကယ်ထင်ပြီး သေနတ်ဖြင့် ပစ်ရန်ကြိုးစားသည်အထိ ဖြစ်ပွားခဲ့ဖူးပါတယ်တဲ့
Red Detachment of Women (မြန်မာလို အမျိုးသမီး အနီရောင်တပ်ခွဲ)လို့အမည်ရတဲ့ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကာလရဲ့ အကျော်ကြားဆုံးနဲ့ သြဇာအရှိဆုံး "စံပြဘဲလေးအဖွဲ့" ဖြစ်လာပါတယ် ဒီပြဇာတ်တွေဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တရုတ်အမျိုးသမီးထုကို တော်လှန်ရေးစိတ်ဓာတ် သွင်းပေးရာမှာ အဓိကကျခဲ့ပါတယ်။
ဟိုင်နန်ကျွန်း (Hainan Island) ကို အခြေခံထားတဲ့ ဝူချင်းဟွား (Wu Qinghua) ဆိုတဲ့မိန်ကလေး အကြောင်းဆိုရင် သူမဟာ ရက်စက်တဲ့ မြေရှင်ကြီးတစ်ဦးရဲ့ အိမ်မှာ အစေခံဘဝနဲ့ နှိပ်စက်ခံနေရတဲ့ မိန်းကလေးပါ မြေရှင်လက်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး ကွန်မြူနစ်ပါတီက ဦးဆောင်တဲ့ "အမျိုးသမီးသီးသန့် တပ်ခွဲ" ထဲကို ဝင်ရောက်ခဲ့သည့်အကြောင်း စစ်ပညာသင်ကြားပြီးနောက်မှာတော့ သူမဟာ ကိုယ်ကျိုးအတွက် ကပ်သီးကသတ် ရန်ငြိုးထားတာထက် "လူတန်းစားလွတ်မြောက်ရေး" ဆိုတဲ့ အယူအဆကို နားလည်သွားပြီး ရဲရင့်တဲ့ တော်လှန်ရေးသမားတစ်ဦး ဖြစ်လာတဲ့အကြောင်း သရုပ်ဖော်ထားတာပါ။ ဒီပြဇာတ်ဟာ အနောက်တိုင်း ဘဲလေး (Ballet) ကို တရုတ်နိုင်ငံရေးနဲ့ ပေါင်းစပ်လိုက်တဲ့ ပထမဆုံး လက်ရာတွေထဲက တစ်ခုပါ။
ဒီပြဇာတ်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တရုတ်ပြည်သူတွေအတွက် "မကြည့်မဖြစ်" ပြဇာတ်တစ်ခု ဖြစ်ခဲ့ပါတယ် အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနည်းတူ တိုက်ပွဲဝင်နိုင်တယ်" ဆိုတဲ့ မော်စီတုန်းရဲ့ အယူအဆကို ပြသခဲ့တာပါ ၁၉၇၂ ခုနှစ်မှာ အမေရိကန်သမ္မတ ရစ်ချက် နစ်ဆင် (Richard Nixon) တရုတ်နိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်စဉ်မှာ ဒီပြဇာတ်ကို ဂုဏ်ပြုကပြခဲ့ပါတယ်။ ဒါဟာ တရုတ်-အမေရိကန် ဆက်ဆံရေး သမိုင်းဝင် အခိုက်အတန့်မှာ အဓိကနေရာက ပါဝင်ခဲ့တာပါ။
ထိုခေတ် တရုတ်ဝါဒဖြန့် အနုပညာနှင့် တေးသရုပ်ဖော်များသည် တရုတ်ပြည်မကြီးတွင်တင်မကဘဲ အရှေ့တောင်အာရှရှိ ပြည်ပရောက်တရုတ်လူမျိုးများ (Overseas Chinese) အကြားတွင်လည်း အလွန်သြဇာညောင်းခဲ့ပါတယ်။ ထိုခေတ်က အရှေ့တောင်အာရှရှိ တရုတ်ကျောင်းများနှင့် အသင်းအဖွဲ့များသည် ဤဝါဒဖြန့်မှုများ ပျံ့နှံ့ရာ အဓိကလမ်းကြောင်းများ ဖြစ်ခဲ့ကြပါတယ်။
မြန်မာ၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ တရုတ်ကျောင်းများသည် ထိုခေတ်က ကွန်မြူနစ်ဝါဒနှင့် တော်လှန်ရေးအနုပညာ ပျံ့နှံ့ရာ ဗဟိုချက်များ ဖြစ်ပါတယ် ကျောင်းကပွဲများနှင့် တေးသရုပ်ဖော်များ: ကျောင်းသားများသည် တော်လှန်ရေးတေးသီချင်းများကို ကျောင်းကပွဲများတွင် ကပြခဲ့ကြပါတယ် ၎င်းသည် လူငယ်များအကြား မျိုးချစ်စိတ်နှင့် တော်လှန်ရေးစိတ်ဓာတ်ကို နိုးကြားစေခဲ့တာပါ တရုတ်ပြည်မကြီးမှ ပြောင်းရွှေ့လာသော ဆရာများသည် မော်စီတုန်း၏ အနုပညာမူဝါဒများကို လက်ဆင့်ကမ်းခဲ့ကြပြီး ကျောင်းသားများကို ဝါဒဖြန့်တေးသီချင်းများ ပြန်လည် သင်ကြားပေးခဲ့ပါတယ်
တရုတ်ပြည်မကြီးမှ ထုတ်ဝေသော တေးသီချင်းစာအုပ်များ၊ နုတ်စာရွက်များနှင့် ဓာတ်ပြားများသည် အရှေ့တောင်အာရှသို့ တရားမဝင်သော်လည်း လျှို့ဝှက်စွာ ရောက်ရှိလာသလို ၁၉၅၀ ပြည့်လွန်နှစ်များတွင် "ဆံပင်ဖြူမလေး" ရုပ်ရှင်သည် အာရှရှိ တရုတ်လူမျိုးများအကြား အလွန်ရေပန်းစားခဲ့ပြီး၊ ထိုရုပ်ရှင်မှ တေးသွားများသည် ပြည်ပရောက်တရုတ်များ၏ ရင်ထဲအထိ ရောက်ရှိသွားခဲ့တာပါ မြန်မာပြည်မှာတော့ ဒီရုပ်ရှင်တေးသွားတွေကို အဖွဲ့အစည်းတွေ ပြပွဲတွေမှာ ပြသခွင့်ရပြီး တရုပ်မြန်မာချစ်ကြည်ရေး ရွေခေတ်မှာတော့ အကြီးအကျယ် ယဉ်ကျေးမှုပဒေသာ ကပွဲတွေမှာမြန်မာပြည်သူလူထုတွေပါ ကြည့်ရှုခွင့်ရကြပါတယ်
မြန်မာနိုင်ငံမှာ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်နှစ်များအစောပိုင်းက တရုတ်ကျောင်းများမှာ အလွန်အားကောင်းခဲ့တာပါ ရန်ကုန်နှင့် မန္တလေးရှိ တရုတ်အသင်းအဖွဲ့များသည် "အနုပညာ ဖျော်ဖြေရေးအဖွဲ့" (Cultural Troupes) များ ဖွဲ့စည်းကာ တရုတ်ပြည်မှ ခေတ်စားနေသော တေးအလှအကများနှင့် တော်လှန်ရေးတေးများကို ဖျော်ဖြေခဲ့ကြပါသည်။
အဲ့ဒီခေတ်က ပြဇာတ်သရုပ်ဖော်များအပြင် ပိုစတာတွေဟာ အရောင်အသွေး တောက်ပြောင်ပြီး အားတက်သရောရှိတဲ့ ပုံစံတွေကြောင့် ကျောင်းသားတွေရဲ့ အခန်းနံရံတွေအထိ ရောက်ရှိခဲ့ပါတယ် ပိုစတာတွေမှာ အမြဲတမ်း ပြုံးရွှင်နေတဲ့ ကျောင်းသား၊ စစ်သားနဲ့ အလုပ်သမားပုံတွေကို အနီရောင်နောက်ခံနဲ့ သရုပ်ဖော်လေ့ရှိပါတယ်။ ဒီပုံစံကို "တောက်ပ၊ နီရဲ၊ တောက်ပြောင်" (红, 光, 亮 - Hóng, Guāng, Liàng) လို့ ခေါ်ပါတယ်
အထူးသဖြင့် လေဖုန်း (Lei Feng) လိုမျိုး ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ စံပြစစ်သားလေးရဲ့ ပိုစတာတွေဟာ ကျောင်းသားတွေကြားထဲမှာ "စံပြလူငယ်" (Role Model) အဖြစ် အလွန်ခေတ်စားခဲ့ပါတယ် ပိုစတာတွေမှာ "စာဖတ်ခြင်းသည် တော်လှန်ရေးအတွက်ဖြစ်သည်" သို့မဟုတ် "နိုင်ငံတော်သစ်ကို တည်ဆောက်ကြစို့" စတဲ့ စာသားတွေ ပါလေ့ရှိပါတယ်။ ကျောင်းသားကလေးများ အချင်းချင်း နောက်ကြောမှာ စာလွှာလေးတွေရေးပြီး လက်ဆောင်ဖလှယ်ကြတာ ထိုခေတ်ရဲ့ အနှစ်သာရတခုပါ မူလတန်းတုန်းက ကျောင်းစာကြည်တိုက်မှာ တရုပ်ပြည်ကလာတဲ့ဆံပင်ဖြူမလေး" နဲ့ "အမျိုးသမီး အနီရောင်တပ်ခွဲ" ဇာတ်လမ်းတွေကို ဒီရုပ်ပြစာအုပ်လေးတွေကနေတစ်ဆင့် ရင်းနှီခဲ့တယ်လို့ ပုသိမ်မြို့နေ ဒေါ်ရင်ငွေကဆိုပါတယ်။
ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး အလွန်ကောင်းမွန်သဖြင့် တရုတ်ပြည်မှ အနုပညာအဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေခဲ့ပြီး၊ ၎င်းတို့၏ တင်ဆက်မှုဟန်များသည် ပြည်တွင်းရှိ တရုတ်နွယ်ဖွား အနုပညာရှင်များအပေါ် လွှမ်းမိုးမှုကြီးမားခဲ့သည်။ ပြဇာတ်များတွင် ပါရှိသော "ဆင်းရဲသား လွတ်မြောက်ရေး" နှင့် "အလုပ်သမား၊ လယ်သမား ဂုဏ်ပြုရေး" စာသားများသည် အာရှရှိ ရုန်းကန်နေရသော တရုတ်လူတန်းစားများအတွက် ခံစားချက်ချင်း တိုက်ရိုက်ထိတွေ့စေခဲ့တာပါ အနောက်တိုင်းတူရိယာများဖြင့် ခန့်ခန့်ညားညား တင်ဆက်သည့် တရုတ်တော်လှန်ရေးတေးများသည် ထိုခေတ်က လူငယ်များအတွက် ဆွဲဆောင်မှုအလွန်ရှိခဲ့တယ်လို သက်ကြီးဘိုဘွားများကဆိုပါတယ်
၁၉၆၀ ပြည့်လွန်နှစ်မျာ အလယ်ပိုင်းမှစ၍ ဒေသတွင်း နိုင်ငံရေးအခြေအနေများ (ဥပမာ- မြန်မာနိုင်ငံတွင် ကျောင်းများ ပြည်သူပိုင်သိမ်းခြင်း၊ အင်ဒိုနီးရှားတွင် ကွန်မြူနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ) ကြောင့် မြန်မာပြည်တွင် ဤဝါဒဖြန့်အနုပညာများ ပျံ့နှံ့မှုမှာ ရပ်တန့်ပြီးနိဂုံးချုပ်ရပါလေသည်။
ကိုးကားစာရင်း (References):
၁။ Andrews, Julia F. (2012). The Art of Modern China. University of California Press.
၂။ Mao Zedong. (1942). Talks at the Yan'an Forum on Literature and Art.
၃။ ၁၉၅၀-၆၀ ကာလထုတ် မြန်မာပြည်ရှိ တရုတ်ဘာသာပြန် မဂ္ဂဇင်းများနှင့် ရုပ်ပြစာစောင်များ။
၄။ Chinese Posters Website (chineseposters.net) - (ပိုစတာများအတွက် အွန်လိုင်းကိုးကား)။
#တရုတ်သမိုင်း #အနုပညာ #ယဉ်ကျေးမှုတော်လှန်ရေး #ယန်အန် #ဆံပင်ဖြူမလေး
#မြန်မာပြည်တရုတ်နွယ်ဖွားများဒီဂျစ်တယ်မော်ကွန်းတိုက် #အာရှရှိအနုပညာဝါဒဖြန်ချီမှုပျံနှနိံ့ခြင်း