12/07/2026
#အားနည်းသူဘဝမှသည်ချန်ပီယံများဆီသို့ –
ဂရင်းမာစတာ အီဗန် ဆိုကိုးလော့ဗ် (GM Ivan Sokolov) သည် ဥဇဘက်ကစ္စတန်အသင်းကို အိုလံပီယတ်ချန်ပီယံများအဖြစ် မည်သို့ပြောင်းလဲပေးခဲ့သနည်း။
၂၀၂၂ ခုနှစ် အိုလံပီယတ် (Olympiad) ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော ဥဇဘက်ကစ္စတန်အသင်း၏ နည်းပြ ဂရင်းမာစတာ အီဗန် ဆိုကိုးလော့ဗ် က ၎င်းတို့၏ အောင်ပွဲဆီသို့ လျှောက်လှမ်းခဲ့သော ခရီးစဉ်၊ ရည်မှန်းချက်ကြီးမားသည့် စစ်တုရင်တိုးတက်လိုသူများနှင့် နည်းပြများအတွက် ၎င်း၏အကြံဉာဏ်များကို မျှဝေထားပါသည်။
အမှန်တကယ် တိုးတက်ပြောင်းလဲလာခဲ့သည့် ဇာတ်လမ်းများ | ၆ မိနစ်စာ ဖတ်ရှုရန်
အိုလံပီယတ် (Olympiad) ပြိုင်ပွဲတွင် အောင်ပွဲခံနိုင်ခြင်းသည် မည်သည့်နိုင်ငံအတွက်မဆို ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။
၂၀၂၂ ခုနှစ် စစ်တုရင်အိုလံပီယတ်ပြိုင်ပွဲတွင် လူငယ်များဖြင့် ဖွဲ့စည်းထားသော ဥဇဘက်ကစ္စတန်အသင်း ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ချိန်က ၎င်းသည် ကစားသမားများအတွက်သာမက အခြားသူများအတွက်ပါ အိမ်မက်တစ်ခု တကယ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
“ဒါဟာ အလွန်ငယ်ရွယ်တဲ့ ဥဇဘက်ကစ္စတန်အသင်းရဲ့ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော်ရရှိခဲ့တဲ့ အကြီးမားဆုံး ရလဒ်ပါပဲ” ဟု ဂရင်းမာစတာ အီဗန် ဆိုကိုးလော့ဗ် (GM Ivan Sokolov) က ပြောကြားခဲ့သည်။
သို့သော် ဥဇဘက်ကစ္စတန်အသင်း၏ နည်းပြဖြစ်လာရန်မှာ အီဗန် ကြိုတင်မျှော်လင့်ထားသည့် အရာတစ်ခု မဟုတ်ခဲ့ပေ။
“ကျွန်တော်က အိုလံပီယတ်ပြိုင်ပွဲကို တရားဝင် ပွဲသုံးသပ်သူ (Commentator) တစ်ယောက်အနေနဲ့ ဖိတ်ကြားခံခဲ့ရတာပါ။”
အစီအစဉ်များ ပြောင်းလဲသွားခြင်း
သို့သော် အခြေအနေများက မျှော်လင့်မထားဘဲ အလှည့်အပြောင်း ဖြစ်သွားခဲ့သည်။
“ဥဇဘက်ကစ္စတန် ကစားသမားအားလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ Sharjah Masters ပြိုင်ပွဲအတွင်းမှာ အဲဒီပွဲရဲ့ ဒိုင်လူကြီးဖြစ်သလို ဥဇဘက်ကစ္စတန် စစ်တုရင်အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ဟူဆန် တာဒီယာလီယက်ဗ် (Husan Turdialiev) က ကျွန်တော့်ဆီ ချဉ်းကပ်လာတယ်။ ပြီးတော့ သူက ကျွန်တော့်ကို ဥဇဘက်ကစ္စတန်အသင်းနဲ့ လက်တွဲဖို့ စိတ်ဝင်စားသလားလို့ မေးခဲ့ပါတယ်။”
“ကျွန်တော် လက်ခံခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ ပွဲသုံးသပ်သူ လုပ်ရတာထက် ဒါက ကျွန်တော့်အတွက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းလို့ပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်တော့်အတွက် အချိန်ပိုနည်းသွားစေပါတယ်။”
ကစားသမားများ၏ ယုံကြည်မှုကို ရယူခြင်း
ပြင်ဆင်ရန် အချိန်အလွန်နည်းပါးသဖြင့် အီဗန်အတွက် အလုပ်များစွာ ရှိနေခဲ့သည်။ ကောင်းမွန်သော အသင်းစိတ်ဓာတ် (Team Spirit) ကို တည်ဆောက်ခြင်းသည် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ပြီး ၎င်းသည် ယုံကြည်မှုမှ စတင်သည်။
“အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ နည်းပြတစ်ယောက်အဖြစ် သူတို့ရဲ့ ယုံကြည်မှုကို ရအောင်ယူရပါမယ်။ လူတွေ သင့်အကြောင်း ဘာပြောသလဲဆိုတဲ့အပေါ် မူတည်ပြီး ယုံကြည်မှု ရလာတာမဟုတ်ပါဘူး။ ကစားသမားတွေဆီကနေ ကိုယ်တိုင် ယုံကြည်မှုရအောင် ယူရမှာပါ။”
လူငယ်အသင်းများ ရရှိထားသည့် အားသာချက်
“ကျွန်တော် အီရန်နဲ့ ဥဇဘက်ကစ္စတန်ဆိုတဲ့ အလွန်ငယ်ရွယ်တဲ့ လူငယ်အသင်း ၂ သင်းကို နည်းပြခွင့်ရခဲ့တာ ကံကောင်းပါတယ်။”
“လူငယ်ကစားသမားတွေနဲ့ အသင်းစိတ်ဓာတ်ကို တည်ဆောက်တဲ့အခါ နည်းပြတစ်ယောက်အနေနဲ့ အားသာချက်ရှိပါတယ် – သူတို့က ရည်မှန်းချက် အလွန်ကြီးမားကြပြီး အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ပြည့်နှက်နေတာကြောင့်ပါ။”
“ပြီးတော့ သူတို့က အချင်းချင်း မနာလိုတာ၊ စောင်းမြောင်းတာမျိုးတွေ ဖြစ်ဖို့အတွက် အလွန်ငယ်ပါသေးတယ် – အဲဒီလို ခံစားချက်မျိုးတွေက ကောင်းမွန်တဲ့ အသင်းစိတ်ဓာတ် တည်ဆောက်ရေးမှာ အဟန့်အတား ဖြစ်စေတတ်တာပါ။”
#ဥဇဘက်ကစ္စတန်အသင်းနှင့်အတူ လေ့ကျင့်ခြင်း
အစကတည်းက အီဗန်၏ အဓိက အာရုံစိုက်မည့်အရာမှာ ရှင်းလင်းနေခဲ့သည်။
“အက်ဘ်ဒူဆက်တရော့ဗ် (Abdusattarov) က Biel ပြိုင်ပွဲမှာ ကစားနေတာမို့လို့ သူကလွဲရင် ကျန်တဲ့ကစားသမားအားလုံး ကျွန်တော့်ဆီမှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်က အဖွင့်ကစားကွက် (Openings) တွေကနေ ထွက်လာတဲ့ မတူညီတဲ့ အလယ်ပိုင်းကစားကွက် (Middlegame) အနေအထားတွေကို လေ့ကျင့်ပေးဖို့ ကြိုးစားခဲ့ပါတယ်။”
“ကျွန်တော် သူတို့ကို ပြောခဲ့တယ် – ဆန်းသစ်ဆန်းပြားတဲ့ ကွက်သစ်ဆန်းတွေကို ရှာဖွေဖို့ အကွက်အနေအထားတွေပေါ်မှာ အလုပ်လုပ်ပေးမယ်လို့ ကျွန်တော့်ဆီက မျှော်လင့်မထားပါနဲ့။ ကျွန်တော် ကိုယ်တိုင်ကစားသမား ဖြစ်ခဲ့စဉ်ကလည်း ဒါမျိုးမလုပ်ခဲ့ဘူး၊ အခု ဒီမှာလည်း လုပ်မှာမဟုတ်ဘူးလို့။”
“ဒါပေမဲ့ တခြားအဆင့်တွေမှာရှိတဲ့ အခြေအနေတွေကိုတော့ ကျွန်တော် မြှင့်တင်ပေးနိုင်ပါတယ်။”
“မတူညီတဲ့ အလယ်ပိုင်းကစားကွက် အနေအထားတွေကနေ ထွက်လာတဲ့ မတူညီတဲ့ ဒေတာဘေ့စ် (Databases) တွေကို ကျွန်တော် တည်ဆောက်ခဲ့တယ်။”
“ထိပ်တန်းကစားသမားတစ်ယောက်နဲ့ အလုပ်လုပ်တဲ့အခါ တွက်ချက်မှုအတွက် သီးသန့်၊ နယ်ရုပ်ချိုးဖောက်မှု (Pawn Breaks) အတွက် သီးသန့်၊ ရုပ်ချင်းလဲလှယ်မှုအတွက် သီးသန့် စသဖြင့် လမ်းညွှန်ထားတဲ့ ဒေတာဘေ့စ်မျိုးတွေကို ကျွန်တော် သဘောမကျဘူး။ ဘာလို့လဲဆိုတော့ တကယ့်ပွဲစဉ်တစ်ခုကို ကစားနေတဲ့အခါ ‘ဟေး… ဒါက နယ်ရုပ်ချိုးဖောက်ရမယ့် အခြေအနေကွ’ ဆိုပြီး သင့်ပုခုံးကို လာပုတ်ပြီး ပြောပြမယ့်သူ ဘယ်သူမှမရှိလို့ပါ။”
“ဒါကြောင့် အဲဒီလိုလုပ်မယ့်အစား ကျွန်တော်က ကစားကွက်အနေအထားတစ်ခုကို ချပြပြီး ‘ဒါက ပွဲစဉ်တစ်ခုရဲ့ အကွက်ရွှေ့မှု အမှတ် ၃၂ မှာ ဖြစ်ခဲ့တာ၊ မင်းမှာ အချိန်အများကြီး မရှိဘူးလို့ ယူဆလိုက်ပါ။ ဒါကြောင့် ဆုံးဖြတ်ချက်ချဖို့ မင်းမှာ ၁၅ မိနစ်ခန့် ရှိတယ်’ လို့ ပြောလိုက်တယ်။ ဒါက ဒီပြင်ဆင်မှုကာလအတွင်းမှာ ကျွန်တော် အဓိကလုပ်ဆောင်ခဲ့တဲ့ အရာပါပဲ။”
#ဂန္ထဝင်ကစားကွက်များကို လေ့လာခြင်း
၎င်း၏ ကစားသမားများကို ဂန္ထဝင်ကစားကွက်များ (Classics) လေ့လာရန် တိုက်တွန်းခြင်း ရှိ၊ မရှိ မေးမြန်းသည့်အခါ အီဗန်က ယခုလို ဖြည့်စွက်ပြောကြားခဲ့သည် -
“တချို့ကလည်း လေ့လာကြတယ်၊ တချို့ကလည်း မလေ့လာကြဘူး။ ဒါကြောင့် ကျွန်တော်ကတော့ ဒါကို သေချာပေါက် လုပ်ဆောင်ရပါတယ်။ တစ်ခါတလေ ဒီလိုအရာတွေကို ကြုံရတဲ့အခါ ဗဟုသုတ ကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ လိုအပ်ချက်ကို ရှင်းပြရပါတယ်။”
#ပြိုင်ပွဲမစတင်မီ မျှော်လင့်ချက်များကို စီမံခန့်ခွဲခြင်း
အိုလံပီယတ်ပြိုင်ပွဲ ရောက်လာလျှင် အသင်းတိုင်းက ဆုတံဆိပ်တစ်ခု ရရှိရန် မျှော်လင့်ကြသည်။ ဤမျှော်လင့်ချက်များသည် ဖိအားများကိုလည်း သယ်ဆောင်လာတတ်သည်။
“ကျွန်တော် ဆုတံဆိပ်တစ်ခု ရလိမ့်မယ်လို့ မျှော်လင့်ချက် မွေးမြူထားခဲ့ပါတယ်။ ဒါပေမဲ့ တာရှကန့် (Tashkent) က တာဝန်ရှိသူတွေက ကျွန်တော့်ကို အဲဒီအကြောင်း မေးမြန်းတဲ့အခါ သူတို့ကို တစ်စုံတခုသော မျှော်လင့်ချက် သို့မဟုတ် လက်တွေ့မကျတဲ့ မျှော်လင့်ချက်မျိုး ပေးလိုက်ရင် ရူးသွပ်ရာကျလိမ့်မယ်လို့ ကျွန်တော် တွေးမိခဲ့တယ်။”
“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သာ အဲဒီလိုလုပ်လိုက်ရင် သူတို့က ဒီဖိအားတွေကို အသင်းဆီ ပြန်ပြီး လက်ဆင့်ကမ်းကြလိမ့်မယ်။ ပြီးတော့ ဒီမျှော်လင့်ချက်ရဲ့ ဝန်ထုပ်ဝန်ပိုးက ကျွန်တော်တို့ကို ပြန်ပြီး ဒုက္ခပေးပါလိမ့်မယ်။”
“ပြိုင်ပွဲတစ်ခုကို အားနည်းတဲ့သူ (Underdog) အနေနဲ့ ဝင်ရောက်ပြီး အကောင်းဆုံးကို မျှော်လင့်တာက ပိုပြီးတော့ အများကြီး ကောင်းပါတယ်။”
“ကျွန်တော် တာဝန်ရှိသူတွေကို ပြောခဲ့တယ် – ကျွန်တော်တို့ ဘယ်အသင်းကိုမှ မနိုင်နိုင်ဘူးလို့ မပြောပါဘူး၊ နိုင်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အဲဒီပွဲစဉ်တွေထဲက ဘယ်ပွဲကိုမဆို နိုင်ခြေ ၅၀ ရာခိုင်နှုန်းထက် ပိုပြီး ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။”
“ပြီးတော့ ကျွန်တော့်အသင်းရဲ့ အဆင့်သတ်မှတ်ချက် (Rating) ဟာ အမှန်တကယ်ထက် လျှော့တွက်ခံထားရတယ်ဆိုတာကိုလည်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ ပြိုင်ပွဲအစ လူစာရင်းမှာ ကျွန်တော်တို့ရဲ့ ပျမ်းမျှအဆင့်က အဆင့် ၁၄ မဖြစ်သင့်ဘူး၊ အဲဒီထက် ပိုမြင့်သင့်တယ်ဆိုတာကို သိနေခဲ့ပါတယ်။”
#အိုလံပီယတ်ပြိုင်ပွဲအတွင်း ပွဲမစမီ ပြင်ဆင်မှုများ
ပြိုင်ပွဲကာလအတွင်း အီဗန်၏ အာရုံစိုက်မှုမှာ ပြင်ဆင်မှု၏ လက်တွေ့ကျသော အပိုင်းပေါ်တွင် ဖြစ်သည်။
“ပွဲစဉ်တွေမတိုင်ခင် သူတို့ရဲ့ ကွက်သစ်ဆန်းတွေကို ကျွန်တော် လိုက်မကြည့်ပါဘူး။ အဲဒီအစား ကျွန်တော်လုပ်တာက ကစားသမား တစ်ယောက်ချင်းစီနဲ့ ဆွေးနွေးတာပါ။ ခုံပေါ်မှာ ဘာတွေဖြစ်လာလိမ့်မယ်လို့ သူတို့ မျှော်လင့်ထားသလဲဆိုတာကို ကျွန်တော် မေးပါတယ်။”
“ပြီးရင်တော့ – ‘မင်းရွေးချယ်လိုက်တဲ့ ကွက်က မင်းသဘောမကျတဲ့ အနေအထားတွေကို ဖြစ်ပေါ်စေလိမ့်မယ်လို့ မင်း ထင်သလား’ ဆိုပြီး ထပ်မေးပါတယ်။”
#အကြီးမားဆုံး အသင်းလိုက်ပြိုင်ပွဲကို အောင်နိုင်ခြင်း
၎င်းတို့၏ အသင်းစိတ်ဓာတ်နှင့် ရည်မှန်းချက်ကြီးမားသော ကစားဟန်တို့ဖြင့် ဥဇဘက်ကစ္စတန်အသင်းသည် အိုလံပီယတ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ကို ဆွတ်ခူးသွားနိုင်ခဲ့သည်။
အကယ်၍ သင် သေချာစွာ သတိထားကြည့်မည်ဆိုလျှင် အသင်း အခက်အခဲကြုံနေရသည့် အချိန်တိုင်းတွင် (အရန်ကစားသမား အပါအဝင်) ကစားသမားတစ်ဦးချင်းစီတိုင်းသည် အချိန်ကိုက် လက်စွမ်းပြနိုင်ခဲ့ကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
အီဗန်အတွက်မူ ဤအောင်မြင်မှုသည် စစ်တုရင်နည်းပြတစ်ဦးအနေဖြင့် ၎င်း၏ အကြီးမားဆုံးသော အောင်မြင်မှု ဖြစ်ခဲ့သည်။
“ဒါဟာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင် ဝင်ကစားနေရသလို ခံစားချက်မျိုးနီးပါး ပါပဲ။ အထူးသဖြင့် စိတ်ခံစားချက် အတက်အကျတွေ၊ ပျော်ရွှင်မှုတွေနဲ့ ဖိအားတွေ ကြုံရတဲ့အခါမျိုးမှာပေါ့။”
#စစ်တုရင်တိုးတက်လိုသူများအတွက် အကြံဉာဏ်
ရည်မှန်းချက်ကြီးမားသော ကစားသမားများအတွက် အီဗန်တွင် မည်သည့်အကြံဉာဏ်များ ရှိသနည်း။
“တိုးတက်ဖို့အတွက် သင့်ကိုယ်သင် သိဖို့လိုတယ်၊ သင့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကိုပေါ့။ ဓမ္မဓိဋ္ဌာန်ကျကျ (ဘက်လိုက်မှုမရှိဘဲ) မြင်တတ်ဖို့က အရေးကြီးပါတယ်။”
“တစ်ခါတလေကျရင် ကျွန်တော့်ဆီကို လူတွေဆီကနေ ရယ်စရာကောင်းတဲ့ အီးမေးလ်တွေ ရောက်လာတတ်တယ် – ‘ကျွန်တော့် Rating က ၂၁၀၀ ပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အစွမ်းက ၂၄၀၀ ရှိပါတယ်။ ဒီနှစ်ကုန်မှာ ဂရင်းမာစတာ ဖြစ်ချင်လို့ပါ။ ကျွန်တော့်ကို ကူညီပေးနိုင်မလား’ ဆိုတာမျိုးပေါ့။”
ရည်မှန်းချက်ကြီးမားသော စစ်တုရင်တိုးတက်လိုသူများတွင် အီဗန် မြင်တွေ့ရသည့် အခြားပြဿနာတစ်ခုလည်း ရှိသေးသည်။
“ကျွန်တော် တွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ လူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ Rating ဟာ တကယ့်အရည်အချင်းထက် လျှော့တွက်ခံထားရတယ်လို့ အခိုင်အမာ ယုံကြည်နေကြတာပါ။ ဒါက တော်တော်များများ ဖြစ်တတ်ကြတဲ့ အများဆိုင်ရာ ပြဿနာတစ်ခုပါပဲ။”
#ကစားသမားများ အများဆုံးမှားတတ်ကြသည့် အမှားများ
စစ်တုရင်တိုးတက်လိုသူများ၊ အထူးသဖြင့် ကွန်ပျူတာအင်ဂျင်များ (Engines) နှင့် လေ့ကျင့်သူများ အမှားလုပ်မိတတ်သည့် နေရာများကိုလည်း အီဗန်က ထောက်ပြခဲ့သည်။
“အချက် ၁။ ကွန်ပျူတာက အလွန်အမင်း သဘောကျနေတဲ့ ကစားကွက် အနေအထားတစ်ခု ရှိတယ်ဆိုပါစို့။ ဒါပေမဲ့ လူသားတစ်ယောက်အတွက်ကျတော့ အဲဒါကို (မှန်ကန်ကြောင်း) သက်သေပြဖို့ အလွန်ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတစ်ယောက်အနေနဲ့ ရှာဖွေတွေ့ရှိဖို့ မလွယ်ကူတဲ့ အကွက်တွေကို သင်က ကြံဆရမှာဖြစ်လို့ပါ။”
“အချက် ၂။ အဲဒီအနေအထားက (လူသားတွေအတွက်ပါ) ပိုကောင်းချင် ကောင်းနေလိမ့်မယ်။ ဒါပေမဲ့ အဲဒါက သင်နဲ့ မတူညီတဲ့ နားလည်သဘောပေါက်မှု ရှိတဲ့ ကစားသမားတွေအတွက်ပဲ ပိုကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။”
“ဒီလို ပြောပြပါရစေ – ကျွန်တော့်ရဲ့ ကစားသမားသက်တမ်းတစ်လျှောက်လုံးမှာ ကျွန်တော်ဟာ အလွန်ခိုင်မာတဲ့ တည်နေရာအကွက်အမြင် (Positional Understanding) ရှိတဲ့ တိုက်စစ်ဆင်ကစားသမား (Dynamic Player) တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ‘တယ်လ်’ (Tal) ဒါမှမဟုတ် ‘ရှီရော့ဗ်’ (Shirov) တို့လို ကစားကွက် အနေအထားမျိုးတွေမှာဆိုရင် ကျွန်တော် ဘယ်တော့မှ စိတ်သက်တောင့်သက်သာ မရှိခဲ့ဘူး။ ကွန်ပျူတာက ကျွန်တော့်ကို ‘ရုပ်တစ်ခုအနစ်နာခံလိုက် (Sacrifice)၊ အမှတ် +၁.၅ သာသွားလိမ့်မယ်’ လို့ ပြောနိုင်ပါတယ်။ အတင်းအကျပ် မဖြစ်မနေ အကွက်ပိတ် (Forced Mate) တာမျိုး မရှိပေမဲ့ ရုပ်တစ်ရုပ် ရှုံးနေတာတောင် ကြီးမားတဲ့ တိုက်စစ်ဆင်မှုတော့ ရနိုင်တာပေါ့။ ဒါပေမဲ့ ကျွန်တော် ဒါမျိုးကို စိတ်ထဲမှာ တကယ် သက်တောင့်သက်သာ မရှိပါဘူး။”
“ကျွန်တော့်အတွက်ကျတော့ အမှတ် 0.00 ဖြစ်နေပြီး၊ နယ်ရုပ်တစ်ရုပ် ရှုံးနေရင်တောင် ကစားကွက် ဦးဆောင်ခွင့် (Initiative) ရနေတာက ပိုပြီး စိတ်ခံစားချက် ကောင်းပါတယ်။ ဒါကြောင့် ဒါဟာ လူတွေ အမှားလုပ်မိလေ့ရှိတဲ့ နေရာတစ်ခုပါပဲ။”
“တကယ်လို့ သင့် Rating က ၂၂၀၀ - ၂၃၀၀ အောက်မှာပဲ ရှိသေးတယ်ဆိုရင် ကွန်ပျူတာအင်ဂျင်နဲ့ လေ့ကျင့်တာဟာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။”
#အင်ဂျင်များကို အလွန်အကျွံ သုံးစွဲခြင်း၏ အားနည်းချက်
ကွန်ပျူတာအင်ဂျင်၊ အထူးသဖြင့် ကလောက်ဒ်အင်ဂျင် (Cloud Engine) တွေနဲ့ အလုပ် အလွန်အကျွံလုပ်တဲ့အခါ ဘာဖြစ်တတ်သလဲဆိုတာကိုလည်း အီဗန်က စိတ်ဝင်စားစရာ ဖြစ်ရပ်တစ်ခု မျှဝေခဲ့သည်။
“တစ်ခါက ကလောက်ဒ်အင်ဂျင်တွေ သုံးတဲ့ ထိပ်တန်းကစားသမားတစ်ယောက်နဲ့ ကျွန်တော် ဆွေးနွေးဖြစ်ခဲ့တယ်။ ကျွန်တော်တို့ Rossolimo ရဲ့ ကစားကွက်အနေအထားတစ်ခုကို အကွက် ၇ ကွက်၊ ၈ ကွက်လောက်ပဲ ရှိသေးတဲ့အချိန်မှာ ခွဲခြမ်းစိတ်ဖြာနေတုန်း သူက ‘ဒါ သရေပွဲပဲ’ လို့ ပြောတယ်။”
“ဒါနဲ့ ကျွန်တော် သူ့ကို ကြည့်ပြီး – ‘အဲဒါကို နောက်တစ်ခေါက်လောက် ပြန်ပြောပါဦး’ လို့ ပြောလိုက်မိတယ် 🙂 ”
သင်၏ အောင်မြင်မှုကို အရှိန်မြှင့်တင်ခြင်း
ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြရင်း အီဗန်က သင်ယူမှုလမ်းကြောင်းကို တိုတောင်းစေမည့် လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ဟခဲ့သည်။
“တကယ်လို့ သင်က နည်းပြကောင်းတစ်ယောက်ကို ငှားရမ်းနိုင်တဲ့ အခြေအနေရှိရင် ငှားလိုက်ပါ၊ ဘာလို့လဲဆိုတော့ အဲဒါက သင့်ရဲ့ အချိန်တွေကို အံ့ဩစရာကောင်းလောက်အောင် သက်သာစေမှာ မို့လို့ပါ။”
“ကျွန်တော့်ရဲ့ ဘဝမှာ တကယ့်နည်းပြဆိုလို့ ‘ဗီလီမီရိုဗစ်’ (Velimirovic) တစ်ယောက်ပဲ ရှိခဲ့ဖူးပါတယ်။ ၁ နှစ်ပဲ ကြာခဲ့ပါတယ်။ ဒါပေမဲ့ သူက ကျွန်တော့်ရဲ့ သင်ယူမှုလုပ်ငန်းစဉ်ကို တကယ်ပဲ အရှိန်မြှင့်ပေးခဲ့တာပါ။ အလုပ်လုပ်ဖြစ်တဲ့ ရက်ပေါင်း ၃၀ ကနေ ၄၀ စုစုပေါင်းအတွင်းမှာပဲ သူက ကျွန်တော့်ရဲ့ သင်ယူမှုကာလ ၃ နှစ်ကနေ ၄ နှစ်စာလောက်ကို အရှိန်မြှင့် တိုတောင်းပေးခဲ့ပါတယ်။”
Crd-chess mood