19/08/2024
(၁၉၊ဩဂုတ်၊၂၀၂၄ မှာကျရောက်တဲ့ World Photography Day အမှတ်တရအဖြစ် ကျွန်တော်တို့ NPCက ဤစာစုနဲ့ ဓာတ်ပုံကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်)
ကမ္ဘာဓာတ်ပုံနေ့ World Photography Day ထက် ၁၃ နှစ်ပိုစောတဲ့ ကမ္ဘာ့ပထမဆုံး ဓာတ်ပုံ
ကမ္ဘာ့ပထမဆုံးဓာတ်ပုံလို့ အားလုံးက တညီတညွတ်တည်း လက်ခံထားကြတဲ့ ဓာတ်ပုံကို ၁၈၂၆ ခုနှစ်မှာ ရိုက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် နှစ်ပေါင်း ၁၉၈ နှစ် ရှိခဲ့ပါပြီ။ (ပူးတွဲပါ အောက်ကပုံကို ကြည့်ပါ။) ဒီဓာတ်ပုံကို ပြင်သစ်သိပ္ပံပညာရှင် Joseph Nicéphore Niépce က အမှတ်မထင် ရိုက်ယူနိုင်ခဲ့တာပါ။ တကယ်တော့ ဓာတ်ပုံပညာရပ်ဖြစ်ပေါ်လာတာဟာ ဒီထက်တောင် ပိုစောပါသေးတယ်။ ဒီနေ့ ဓာတ်ပုံကင်မရာတွေအားလုံရဲ့ အခြေခံနဲ့ ပထမဆုံး ကင်မရာလို ဆိုနိုင်တဲ့ camera obscura တွေကို ၁၆ ရာစုကတည်းက သုံးနေခဲ့ကြပါပြီ။ ဒီတော့ ဓာတ်ပုံပညာရပ်နဲ့ ကင်မရာတွေ ပေါ်ပေါက်လာဖို့ အစပြုခဲ့တာဟာ နှစ်ပေါင်း ၆၀၀ နီးပါး မကတော့ပါဘူး။
အများစု သဘောတူထားကြတဲ့ ကမ္ဘာဓာတ်ပုံနေ့ World Photography Day ရဲ့ သက်တမ်းကတော့ ၂၀၂၄ နှစ်မှာ နှစ်ပေါင်း ၁၈၅ နှစ် ပြည့်မြောက်တာ ဖြစ်ပါတယ်။ ဒီတော့ ၁၈၅ နှစ်ပြည့် ကမ္ဘာ့ဓာတ်ပုံနေ့လို့ ပြောရင် မှန်ပေမယ့် ၊ ဓာတ်ပုံပညာရပ် ပေါ်ပေါက်လာတာ ၁၈၅ နှစ်ပြည့်ဆိုရင်တော့ မှားပါတယ်။ ဓာတ်ပုံပညာရပ်ဟာ အဲဒီထက် ဆယ်စုနှစ်ပေါင်းများစွာ စောပြီးတော့ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့သာ ကမ္ဘာ့ပထမဆုံးဓာတ်ပုံ ပေါ်ပေါက်လာတဲ့နေ့ကို ကမ္ဘာ့ဓာတ်ပုံနေ့လို့ သတ်မှတ်မယ်ဆိုရင် ၂၀၂၄ ခုနှစ်ဟာ ၁၉၈ နှစ်ပြည့် ကမ္ဘာ့ဓာတ်ပုံနေ့ ဖြစ်နေမှာပါ။
ကမ္ဘာဓာတ်ပုံနေ့ World Photography Day ကို သတ်မှတ်ကြတော့မယ်ဆိုတော့ ထုံးစံအတိုင်း အငြင်းပွားမှုတွေ၊ ငြင်းခုန်မှုတွေနဲ့ စခဲ့ကြပြန်ပါတယ်။ နောက်ဆုံးမှာတော့ အခုအများစု လက်ခံထားကြတဲ့ သြဂုတ်လ ၁၉ ရက်နေ့ကို ကမ္ဘာဓာတ်ပုံနေ့ World Photography Day အဖြစ် အများစု လက်ခံသဘောတူခဲ့ကြပါတယ်။ (သဘောမတူကြတဲ့ သူတွေလည်း ရှိကြပါတယ်။)
ဘာလို့ သြဂုတ်လ (၁၉) ရက်နေ့ကို ကမ္ဘာဓာတ်ပုံနေ့ World Photography Day လို့ သတ်မှတ်ကြတာလည်း။
ဓာတ်ပုံပညာရပ်ဟာ စတင်ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း ၆၀၀ ကျော်လောက်ရှိပေမယ့် အစောပိုင်းကာလတွေမှာ အများပြည်သူနဲ့ မနီးစပ်ခဲ့ကြပါဘူး။ အနုပညာရှင်နဲ့ သိပ္ပံပညာရှင်တွေသာ ကိုယ်ပိုင်သုံးတဲ့ ၊ တီထွင် စူးစမ်းထားကြတဲ့ ပညာရပ် ဖြစ်ပေါတယ်။ စူးစမ်းရှာဖွေတွေ့ရှိထားကြကသူတွေကည်း ကိုယ်စီကိုယ်စီ မူပိုင်ခွင့် မှတ်ပုံတွေ တင်ထားကြတဲ့အတွက် အများပြည်သူက လွတ်လွတ်လပ်လပ် အသုံးပြုခွင့် မရှိကြပါဘူး။ မူလပညာရှင်တွေဆီကနေ မူပိုင်ခွင့်ဝယ်မှ၊ ခွင့်ပြုချက်ရမှ သုံးကြရပါတယ်။ ဒီအခြေအနေကို ပြောင်းလဲပြစ်တာကတော့ ၁၈၃၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ မှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံအစိုးရက ပြင်သစ်လူမျိုး Louis Daguerre နဲ့ Joseph Nicephore Niepce တို့ဆီကနေ့ တွင်တွင်ကျယ်ကျယ် အသုံးပြုလို့ရတဲ့ "daguerreotype" ဓာတ်ပုံနည်းပညာ မူပိုင်ခွင့်ကိုဝယ်ယူပြီး ဒီနည်းပညာကို အများပြည်သူ လွတ်လပ်စွာ အသုံးပြုနိုင်ကြောင်း ကြော်ငြာခဲ့ပါတယ်။ *(Louis Daguerre နဲ့ Joseph Nicephore Niepce) တို့ကလည်း ဒီနည်းပညာကို ၁၈၃၇ ခုနှစ်ကတည်းက ရှာဖွေတွေ့ရှိခဲ့ကြပြီး ကိုယ်ပိုင် အသုံးပြုနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို ဓာတ်ပုံပညာရပ်ဆိုတာကို လူနည်းစု မူပိုင်ယူထားရာကနေ အများပြည်သူ မည်သူမဆိုလွတ်လပ်စွာ အသုံးပြုခွင့် စရလိုက်ကြတဲ့ ၁၈၃၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကို ကမ္ဘာဓာတ်ပုံနေ့ World Photography Day လို့ သတ်မှတ်လိုက်ကြတာ ဖြစ်ပါတယ်။
***ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ ဓာတ်ပုံပညာရပ်ကတော့ သန္ဓေတည်ခဲ့တာ နှစ်ပေါင်း ၆၀၀ ကျော်ကတည်းက ဖြစ်ပါတယ်။
(မှားတာ ၊ လိုအပ်တာ ဖြည့်စွက်နိုင်ပါတယ်။)
ကိုးကား အင်တာနက်
ကျော်ကျော်ဝင်း (X-photographer)